Saturday, 22 February 2020 15:53

1920px ManThida Park

မန္တလေး၏ ခေတ်အမှီဆုံးနှင့် အလှပဆုံး မန်းသီတာဥယျာဉ်

မန်းသီတာဥယျာဉ်မှာ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးအကြားရှိ မြေကွက်လပ်တွင် တည်ရှိသော ဥယျာဉ်တစ်ခုဖြစ်ပြီး ယခင်က မန္တလေး၏ ခေတ်အမှီဆုံးနှင့် အလှပဆုံးဥယျာဉ်လည်း ဖြစ်ခဲ့ပါတယ်။

မန္တလေး၏ အကွက်အကွင်းကောင်းသောနေရာတွင် တည်ရှိပြီး စနစ်တကျလည်း တည်ဆောက်ခဲ့ပါတယ်။

အဆိုပါဥယျာဉ်ကို ၁၉၅၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပါတယ်။

သို့ပေမဲ့၂၀၁၈ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပြီး အများပြည်သူတွေအတွက် ဖွင့်လှစ်ခဲ့ပါတယ်။

သမိုင်းကြောင်း

မန်းသီတာဥယျာဉ်သည် တစ်ခေတ်က နာမည်ကြီးခဲ့သော မသုံးလုံးနယ်မြေသို့ အောင်မာဃစစ်ဆင်ရေး ဆင်နွှဲရာတွင် ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးကာလကတည်းက ကျော်ကြားခဲ့သောဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မှူးကြီးဖြစ်သူ ဗိုလ်အာဠာဝကကို ဖမ်းဆီးနိုင်သည့်အတွက် ထိုစဉ်က မန္တလေးမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ချီးမြှင့်သည့် ဆုတော်ငွေဖြင့် ဆောက်လုပ်ထားသည်။

ထိုအချိန်က နမတ တိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယု ဖြစ်သည်။ ထိုဆုတော်ငွေဖြင့် တပ်မတော်နှင့် မြူနီစီပယ်ပေါင်းကာ ဆောက်လုပ်ထားသည်။ ၁၉၉၂ ခုနှစ်တွင် ကျုံးအနောက်ဖက်ရေပြင်တွင် ထိုစဉ်က ငွေ ၉၅ သိန်းအကုန်အကျခံကာ ရေပေါ်ဥယျာဉ်တစ်ခုကို ဆောက်လုပ်ခဲ့သည်။

တည်နေရာ

ကျုံးတောင်ဘက် ၇၃ လမ်းမှ ၇၉ လမ်း၊ ကျုံးအနောက်ဖက် ၂၆ လမ်းမှ ၂၄ လမ်းအကြားတွင် ကျုံးနှင့် မြို့ရိုးကြားရှိ မြေနေရာ၊ အနောက်တောင်ထောင့်ရှိ ရေပြင်တို့မှာ ဥယျာဉ်နေရာဖြစ်ပါတယ်။

ကျုံးရေပြင်ကို ဖြတ်၍ မေတ္တာပေါင်းကူးတံတားနှင့် တံတားငယ်များဖြင့် လမ်းမနှင့် ဥယျာဉ်ကို ဆက်သွယ်ထားပါတယ်။

အဆောက်အအုံများ

ထိုဥယျာဉ်တွင် အရိပ်ရသော သစ်ပင်ကြီးများ၊ မိုးပျံတံတားများ၊ အခါကြီးရက်များတွင် ဖျော်ဖြေရန် တီးဝိုင်းစင်ကြီးများ၊ အမှတ်တရ ဓာတ်ပုံဆိုင်၊ စာကြည့်တိုက်နှင့် စားသောက်ဆိုင်များ၊ ရေပေါ်ဥယျာဉ်တို့လည်း ရှိပါတယ်။

အခမ်းနားဆုံးမှာ ကျုံးအနောက်တောင်ထောင့်ရေပြင်ထဲတွင်ရှိသော အချင်း ၂၆ ပေ၊ အမြင့် ၉ ပေ ၃ လက်မရှိသော ၅ မြောင့်ကြယ်ပွင့် အုတ်ခုံကြီးပေါ်တွင် အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၁၄ ပေရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီး ဖြစ်ပါတယ်။

ညပိုင်းတွင် ကြေးရုပ်ကြီးကို မီးမောင်းများဖြင့် ထွန်းထားပြီး ဥယျာဉ်ကို မီးရောင်စုံထွန်းထားပါတယ်။ ဒါ့အပြင် လွတ်လပ်ရေးအခမ်းအနားကို ထိုနေရာတွင် အကြီးအကျယ် ၇ ရက် ၇ လီ ကျင်းပခဲ့ဖူးပါတယ်။

ဖျက်သိမ်းခြင်း

၁၉၉၃ ခုနှစ်တွင် အာဏာသိမ်းစစ်အစိုးရလက်ထက်တွင် နန်းတွင်းလုံခြုံရေးကို အကြောင်းပြ၍လည်းကောင်း၊ ကျုံးကို အသစ်ပြန်လည်တူးဖော်ရန်အတွက်လည်းကောင်း မြို့တော်၏ အကောင်းဆုံးဥယျာဉ်ကြီးကို ဖျက်သိမ်းခဲ့ပါတယ်။

ပြန်လည်တည်ဆောက်ခြင်း

မန္တလေးမြို့တွင် လူထုအပန်းဖြေရန် ပန်းခြံနေရာများ ရှားပါးလာပြီး မန်းသီတာဥယျာဉ်ကို မှီခဲ့သူများက ထိုဥယျာဉ်ကို ပြန်လည်လွမ်းဆွတ်ကြသောကြောင့် ၂၀၁၆ တွင် အစိုးရအသစ်တက်လာအပြီး မန္တလေးမြို့အတွက် အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် မန်းဥယျာဉ်စီမံကိန်း ပါဝင်လာခဲ့ပါတယ်။

သို့သော် ဘက်ဂျက်ငွေမရရှိ၍ ဆောက်လုပ်နိုင်ခြင်း မရှိခဲ့ပေ။ ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်တွင်မှ လွှတ်တော်မှ ငွေကျပ်သိန်း ၃,၀၀၀ ကျော် ခွင့်ပြုခဲ့ပြီး ဥယျာဉ်အသစ်စီမံကိန်းကို ပြင်သစ်နိုင်ငံမှ ပုံကြမ်းရေးဆွဲပေးခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်မှ နန်းတွင်းလုံခြုံရေးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကသာ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဥယျာဉ်အသစ်ကို ၂၆ လမ်း၊ ၆၆ လမ်းနှင့် လမ်း ၈၀ အထိ တောင်ဖက်ကျုံးတစ်လျောက် တည်ဆောက်သွားမည်ဟု မြို့တော်ဝန်မှ ပြောကြားခဲ့ပါတယ်။

Source: Wikipedia


Read 403 times Last modified on Wednesday, 25 March 2020 14:07
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.