Saturday, 15 February 2020 14:45

Ku Tho Taw Pagoda Sandar Muni Pagoda Mandalay

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးသည် မန္တလေးတောင်ခြေက "မဟာလောကမာရဇိန်"လို့ ဘွဲ့တပ်ထားတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ ကုသိုလ်တော်ဘုရားကြီးထဲမှာ ရှိပါတယ်။

ကုသိုလ်တော်ဘုရားဟာ သက်တမ်းနှစ်ပေါင်း (၁၅၀) ကျော်ရှိနေပြီဖြစ်ပြီး မင်းတုန်းမင်းကြီးလှူခဲ့တဲ့ ကုသိုလ်တွေထဲမှာ အမွန်မြတ်ဆုံးကုသိုလ်တစ်ခုဖြစ်ကာ တန်ဖိုးကြီးရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား စတဲ့ရတနာများစွာ တပ်ဆင်လှူဒါန်းထားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။

ဘုရားအတွင်းမှာ ခရေပင်တွေကိုလည်း စိုက်ပျိုးထားခဲ့ပြီး ယနေ့ရှိနေတဲ့ခရေပင်တွေကတော့ နှစ်(၁၅၀) က ခရေပင်တွေမဟုတ်တော့ဘဲ အဲဒီမျိုးဆက်ခရေပင်တွေပဲဖြစ်ပါတယ်။

ထိုစေတီတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်တွင် စတင်တည်ထားခဲ့ပြီး စေတီတော်မြတ်ကြီး၏ ဘေးဘက်တွင် ကမ္ဘာအကြီးဆုံးစာအုပ်ကြီးဟု တင်စားထားသည့် ပိဋကတ်သုံးပုံ ပါဠိတော်ကျောက်စာပေါင်း ရ၂၉ ချပ် ရှိပါတယ်။

ထိုကျောက်စာများကို မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် စတင်ထွင်းထုခဲ့ရာ ၁၂၃ဝ ပြည့်နှစ်မှာ ပြီးစီးခဲ့ပြီး မာတိကာအလိုက် ပိဋကတ်သုံးပုံ ကျောက်စာများမှာ သုတ္တန်(၃)ကျမ်း ကျောက်စာအချပ်(၄၁ဝ)၊ ဝိနည်း(၅)ကျမ်း ကျောက်စာ (၁၁၁)ချပ်၊ အဘိဓမ္မာ(၇)ကျမ်း ကျောက်စာ(၂ဝ၈)ချပ်၊ သမိုင်းကျောက်စာ(၁)ချပ်အဖြစ် ရေးထိုးကမ္ပည်းတင်ထားပါတယ်။

ကျောက်စာ(၁)ချပ်လျှင် ဓမ္မစေတီ(၁)ဆူနှုန်းဖြင့် တည်ထားခြင်းဖြစ်ရာ အလွန်သပ္ပာယ်လွန်းလှပါတယ်။

ယခုအခါ ကုသိုလ်တော်ဘုရားရှေ့ မန္တလေးနှစ်(၁၅ဝ)ပြည့် မင်းတုန်းမင်းရုပ်တုအနီးတွင် သဘာဝစကျင်ကျောက်တုံးပေါ်တွင် (unesco memory of the world) မှတ်တမ်းစာပါကျောက်စာနှင့်အတူ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကုသိုလ်တော်ဘုရားကျောက်စာများ၊ နိုင်ငံတကာစာရင်းဝင်သော ၂ဝ၁၃ ခုနှစ်တွင် "ကမ္ဘာ့မှတ်တမ်းအမွေအနှစ်" စာတမ်းပါသည့် ကျောက်စာပါကျောက်တုံးကြီးကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပါတယ်။

အဆိုပါ ကျောက်စာပါကျောက်တုံးကြီးမှာ ပုံစံတူကျောက်စာ မြန်မာလိုတစ်ချပ်၊ အင်္ဂလိပ်လို တစ်ချပ်ရှိပါတယ်။

သို့အတွက် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ ကျောက်စာမှတ်တမ်းနှစ်ချပ် ကုသိုလ်တော်ဘုရားရှေ့တွင် မြင်တွေ့နေရပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ထွက်လျက် ရှိပါတယ်။

ကုသိုလ်တော်ဘုရားရောက် နိုင်ငံတကာခရီးသွားများသည် ထူးခြားစွာ ကြာပန်းကပ်လှူသည့်အလေ့အထကို စိတ်ဝင်စားသလို ကျောက်စာများအားလည်း အမှတ်တရ မှတ်တမ်းယူလေ့ရှိကြောင်း သိရပါတယ်။

ယနေချိန်မျာတော့ ၎င်းကျောက်စာတော်တွေဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေပြီဖြစ်ပါတယ်။


Nilar Myot Win (Mandalay Directory)

Ref: Wifipedia


Read 355 times Last modified on Wednesday, 25 March 2020 14:26
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.