Business

တစ်နေ့ထက်တစ်နေ့ ရေခမ်းခြောက်လာသည့် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်

Read 583 times

ပုံမှန်ဆောင်းရာသီတွေမှာ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားလျက်ရှိတဲ့ ပြင်ဦးလွင်မြို့က အမျိုးသားကန်တော်ကြီး ဥယျာဉ်ဟာ ယခုချိန်မှာတော့ ကိုဗစ်ကူးစက်ရောဂါကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလာမှုတွေကို ပိတ်ဆို့ထားတာတဲ့အတွက် အထီးကျန်မှုတွေနဲ့ ရှိနေပါတယ်။ 

နောက်ပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်မှာ ရေခမ်းခြောက်မှုတွေက နွေရာသီမရောက်ခင်မှာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပါတယ်။ မြန်မာနိုင်ငံ ဆောင်းရာသီဥတုရဲ့ ဇန်နဝါရီလဟာ ဒီဇင်ဘာလပြီးရင် အအေးဆုံးလတစ်လ ဖြစ်ပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံဟာ အီကွေတာ(အပူပိုင်းရပ်ဝန်း)နဲ့ နီးကပ်တဲ့ အတွက် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှု စတာတွေရဲ့အကျိုးဆက်ကို စတင်ခံစားနေရပါပြီ။

ဒီအကျိုးဆက်တွေကြောင့် အခုလို ရေခမ်းခြောက်မှုတွေ၊ မြေအောက်ရေရှားပါလာမှုတွေ၊ ရေငွေ့ပျံမှု အလွန်အကျွံဖြစ်မှုတွေ၊ ရေဆိုးများပြားလာမှုတွေ၊ မိုးခေါင်တာတွေ၊ ရွာရင်လည်း မိုးကြီးတွေ၊ ရေကြီးရေလျှံဖြစ်တာတွေ၊ စိုက်ပျိုးရေးကို များစွာထိခိုက်လာနိုင်တာတွေ အပြင် လူတွေရဲ့အသက်ရှင်ရပ်တည်မှုတွေကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ အနေထားတွေကိုပါ ကြုံတွေ့လာရနိုင်ပါတယ်။

May be an image of tree and body of water

အမျိုးသားကန်တော်ကြီး ဥယျာဉ်ရှိ ရေကန်တွေက (၁၉၆၂) ခုနှစ် မတိုင်ခင်က (၂) ကြိမ်၊ (၂ဝဝဝ) ပြည့်နှစ်နောက်ပိုင်း (၁) ကြိမ် ရေခမ်းမှုဖြစ်စဉ်များရှိခဲ့ပါတယ်။ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းက ရေကန်တွေအပြင် ပြင်ဦးလွင်မြို့အတွင်းရှိ ရေပေးဝေရေးဆိုင်ရာ အသုံးပြုသော မိုးရေစုကန်များ၊ ဆည်တွေလည်း ရေခန်းခြောက်တဲ့ ပြဿနာများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ် (မူလအမည် အမျိုးသား ရုက္ခဗေဒဥယျာဉ်)က (၁၇၇) ဟက်တာ ကျယ်ဝန်းပြီး မန္တလေးမြို့မှ (၄၄) မိုင် (၆၉ ကီလိုမီတာ)အကွာ ပင်လယ်ရေမျက်နှာပြင်အထက် (၃၆ဝ၅) ပေ (မီတာ ၁ဝဝဝ) အမြင့်ရှိ ပြင်ဦးလွင်မြို့ (မေမြို့)မှာ တည်ရှိပြီး (၁၉၁၅) ခုနှစ်မှာ ဗြိတိသျှ သစ်တော ဦးစီးအရာရှိ အဲလက်စ်ရော်ဂျာ (Alex Roger)က မေမြို့ ရုက္ခဗေဒဥယျာဉ်အဖြစ် ဦးစွာတည်ထောင်ခဲ့ပါတယ်။

မူလဥယျာဉ်မှာ ဧက (၃ဝ) (စတုရန်းမီတာ ၁၂ဝဝဝဝ) ကျယ်ဝန်းပြီး အပျော်တန်း ဥယျာဉ်မှူး လေဒီရှားလက်ခပ်ဖ် (Charlotte Wheeler Cuffe)ရဲ့ အကူအညီနဲ့ ဗြိတိန်နိုင်ငံ ကျူဂါးဒင်းဥယျာဉ်ခေါ် KEW တော်ဝင် ရုက္ခဗေဒ ဥယျာဉ်ကို အတုယူကာ တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

(၁၉၁၇) ခုနှစ်မှာ ဗြိတိသျှကိုလိုနီ အစိုးရမှ တရားဝင် အသိအမှတ်ပြုခဲ့ပြီး (၁၉၂၄) ခုနှစ်မှာ အစိုးရမှ ကာကွယ်ထိန်းသိမ်းတဲ့ ဥယျာဉ်အဖြစ်ကြေညာခဲ့ပြီး (၁၉၄၂) ခုနှစ်မှာ သစ်တောရေးရာဝန်ကြီးဌာနမှ ဘေးမဲ့သစ်တောအဖြစ် ရေးဆွဲသတ်မှတ်ခဲ့ပါတယ်။ (၂ဝဝဝ) ပြည့်နှစ်မှာ အဆိုပါ ဥယျာဉ်ကို "ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်" အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါတယ်။

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ရေကန် ရေလျော့နည်းလာမှုကို သက်ဆိုင်ရာဌာနများ၊ ကျွမ်းကျင် ပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ အကြံပြုချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ ရေကန်မှ ရေပြင်ဧရိယာများ လျော့နည်းလာမှုနှင့်ပတ်သက်ကာ အသိပေးကြေညာချက်ထုတ်ပြန်ထားပြီး ဥယျာဉ်အတွင်းရှိ ရေကန်များ ရေခန်းခြောက်လာမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများရဲ့ အကြံပြုချက်များအပေါ် အလေးထားပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးထံက သိရပါတယ်။

May be an image of tree, nature and body of water

အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်တွေက ယခုနှစ် မိုးရာသီကုန်ဆုံးချိန်ခန့်မှစ၍ တဖြည်းဖြည်း ရေလျော့နည်းလာခဲ့ရာမှ အချို့ရေပြင်ဧရိယာများက ရေခန်းခြောက်သွားသည့်တဲ့ အခြေအနေသို့ ရောက်ရှိလာတာဖြစ်ပြီး ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်တွေက အဓိအားဖြင့် မိုးရေစုရသော ရေကန်များဖြစ်ပြီး မိုးရေစုရာတွင် မိုးရွာသွန်းမှုမှ တိုက်ရိုက်မိုးရေများ ရရှိသကဲ့သို့ ဥယျာဉ်အတွင်းရှိ ရေဝေရေလွှဲများမှ စီးဝင်သော ရေများလည်းရှိပါတယ်။

အမျိုးသား ကန်တော်ကြီးဥယျာဉ်အတွင်းတွင် တောင်မှမြောက်သို့ အဆင့်ဆင့်ဆက်စပ်နေသော ရေကန် ၄ ကန်ရှိပြီး တောင်ဘက်အကျဆုံး ပထမရေကန်မှာ ရွှံ့နွံတောနှင့် ထိပ်စပ်နေပြီး ဥယျာဉ်ပြင်ပမှ ဝင်ရောက်သော မိုးရေတွေက ရွှံ့နွံတောမှတစ်ဆင့် စတင်ရရှိသော ရေကန်ဖြစ်ပါတယ်။

၎င်းကန်နှင့် ဆက်စပ်ပြီး ဒုတိယကန်၊ တတိယ ကန်နှင့် မြောက်ဘက်အကျဆုံး ကန်မကြီးအထိ အဆင့်ဆင့် တည်ရှိပါတယ်။ ယခု ရေခန်းခြောက်မှုဖြစ်ပေါ်သော ဧရိယာမှာ ပထမ၊ ဒုတိယနှင့် တတိယရေကန်များဖြစ်ပြီး ကန်မကြီးအနေဖြင့် ကမ်းစပ်ရေတိမ်ပိုင်းများ ခန်းခြောက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း အသိပေးကြေညာခဲ့ပါတယ်။

"အခုမှဖြစ်တာမျိုးတော့ မဟုတ်ပါဘူး၊ ဟိုးအရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့ပါတယ်၊ အဓိက ကတော့ ပြင်ဦးလွင်မှာ နှစ်နှစ်ဆက်တိုက် မိုးရေချိန်မရရှိခဲ့ဘူး၊ ကန်တော်ကြီးရေကန်ဟာ မိုးရေစုကန်ပါ၊ မိုးများ ရင် များသလို ရေကန်က ရေရှိတယ်။ ဒီနှစ်က မိုးတွင်းလို့တောင် မထင်ရလောက်အောင် မိုးရေမရလိုက်ဘူး၊ ပထမ နှစ်ကတော့ သိပ်မသိသာဘူး၊ ဒီနှစ်ကတော့ ပိုသိသာသွားတယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားကို လေ့လာစောင့်ကြည့်နေတယ်၊ သက်ဆိုင်ရာဌနာတွေရဲ့ လမ်းညွှန်ချက်တွေရလာတာနဲ့ အကောင်းဆုံး လုပ်သွား ပါ။ ဥယျာဉ်ကို ကိုဗစ်ကာလအတွင်း ပိတ်ထားတာ ၁ဝ လနီးပါးရှိပါပြီ" လို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြင်ဦးလွင်မြို့က နှစ်စဉ် ပျှမ်းမျှမိုးရေချိန် (၅၆.၅ဝ) လက်မ ရွာသွန်းပြီး အများအားဖြင့် နှစ်စဉ်ပျှမ်းမျှ မိုးရေချိန်ထက် ကျော်လွန်ရွာသွန်းလေ့ရှိပါတယ်။ 

ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခန်းခြောက်မှုနှင့်ပတ်သက်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဥယျာဉ်အတွင်းရှိ ရေကန်တွေက ရေအငွေ့ပျံခြင်းနှင့် မြေအောက်သို့ ရေစိမ့်ထွက်ခြင်းများကြောင့် ရေဆုံးရှုံးမှုဖြစ်ပေါ်နေရခြင်း ဖြစ်ပါတယ်။

Bookmark