Mandalay Trend

မုန်တိုင်းငယ် ( Depression ) ကြောင့် ယခုရက်ပိုင်းအတွင်း နေရာကွက်၍ မိုးသည်းနိုင်

Read 1252 times

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်များအရ (Depression) ဟု ခေါ်ဆိုသော မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံအတွင်း ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ယနေ့ မတ်လ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ ဖြစ်သောကြောင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားပြီး အဆိုပါ မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့် ယနေ့မွန်းတည့်မှ မတ်လ (၂၂) ရက်နေ့အတွင်း…

  • နေပြည်တော်၊ 

  • စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ 

  • မန္တလေးတိုင်းဒေသကြီး၊ 

  • မကွေးတိုင်းဒေသကြီး၊ 

  • ပဲခူးတိုင်းဒေသကြီး၊ 

  • ရန်ကုန်တိုင်းဒေသကြီး၊ 

  • ဧရာဝတီတိုင်းဒေသကြီး၊ 

  • တနင်္သာရီတိုင်းဒေသကြီး၊ 

  • ရှမ်းပြည်နယ်၊ 

  • ချင်းပြည်နယ်၊ 

  • ရခိုင်ပြည်နယ်၊ 

  • ကယားပြည်နယ်၊ 

  • ကရင်ပြည်နယ်နှင့် 

  • မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ (၉) ပေမှ (၁၂) ပေခန့်ထိ ရှိနိုင်သည်။

မုန်တိုင်းငယ် ဖြစ်ပေါ်လာပုံ

=================

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ မတ်လ (၂၀) ရက်၊ မြန်မာစံတော်ချိန် နေ့လည် (၂) နာရီ တိုင်းထွာချက်များအရ မုန်တိုင်းငယ်  (Depression)  သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး 

  • မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၄၀) မိုင်ခန့်၊ 

  • ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၇၀) မိုင်ခန့်၊ 

  • ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၄၁၀) မိုင်ခန့်၊ 

  • ကော့သောင်းမြို့၏ အနောက်ဘက် ရေမိုင် (၃၅၀) မိုင်ခန့်၊ 

  • အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် (၆၀) မိုင်ခန့်နှင့် 

  • ပို့ပလဲယား၏ တောင်-အနောက်တောင် ရေမိုင် (၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာပြီး နောက် (၂၄) နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ နောက် (၃၆) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ပြီး

  • မတ်လ (၂၁) ရက်နေ့၊ ညပိုင်းတွင် ကိုကိုးကျွန်းအနီး သို့လည်းကောင်း၊ 

  • မတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ 

  • မတ်လ (၂၂) ရက်နေ့၊ ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။

လက်ရှိတွင် မုန်တိုင်းငယ် (Depression) သည် မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ မြောက်လတ္တီကျု (၁၀.၁) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၂.၆) ဒီဂရီတွင် ရှိပြီး ဗဟိုချက် လေဖိအား (၁၀၀၂) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) နှုန်းခန့် ဖြစ်သည်။

Bookmark